ခန္ဓာကိုယ်အနှံ့အပြားသွေးလှည့်ပတ်ဖို့ သွေးညှစ်ထုတ်ပေးတဲ့ အရေးကြီး အစိတ်အပိုင်းဖြစ်တဲ့ နှလုံးနဲ့ပတ်သက်လို့ နှလုံးရောဂါခံစားနေရရင် ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာ တွေကို ဆာကူရာဆေးရုံရဲ့ CEO ဒေါက်တာထင်ပေါ်ကို မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice – တစ်ယောက်ထဲရှိနေတဲ့အချိန် ရုတ်တရက် နှလုံးတိုက်ခိုက်ခံရတဲ့အခါ ဘယ်လိုပြုမူရပါမလဲ။
Dr.HP – ရုတ်တရက် နှလုံးပိုင်းဆိုင်ရာ တစ်ခုခုဖြစ်တယ်ဆိုရင် လူနာက အသက်ပြင်းပြင်းရှူပါ။ ရင်ဘတ်လှုပ်ရှားမှုပိုကောင်းလာရင် နှလုံးသွေးလည်ပတ်မှုဆိုင်ရာကို ပိုအားပေးပါတယ်။

Voice – အနားမှာလူရှိရင် ဘယ်လိုပြုစုပေးနိုင်သလဲ။
Dr.HP – လူတစ်ယောက် ရုတ်တရက် အသက်မရှိတော့ဘူးလို့ထင်ရင် အသက်ကယ်တဲ့ ရှေးဦးသူနာပြုနည်းလမ်းနဲ့ ကယ်လို့ရတယ်။ လူတစ်ယောက်က နောက်လူရင်ဘတ်ပေါ်ဖိတယ်။ သတ်မှတ်တဲ့အကြိမ် အရေအတွက်ပြီးရင် ပါးစပ်ကနေ လေမှုတ်သွင်းရတယ်။ နီးစပ်ရာ ဆေးရုံဆေးခန်းသွားသင့်တယ်။ တိုးတက်တဲ့နိုင်ငံတွေမှာ လူထုအသွင်နဲ့ Cardiopulmonary Resuscitation (CPR) ခေါ်တဲ့ရှေးဦး သူနာပြုစုနည်းကို သင်ကြားပေးတယ်။ တတ်တဲ့အခါ Certificate ထုတ်ပေးတယ်။ တစ်နှစ်တစ်ခါ Renew ပြန်လုပ်ပေးတယ်။ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ တတ်သင့်တယ်။

Voice – နှလုံးရောဂါရှင် တစ်ဦးအနေနဲ့ ဆေးဝါးမဟုတ်တဲ့ အထောက်အကူမျိုးအဖြစ် ဘယ်လိုနေထိုင်သင့်၊ စိတ်ထားသင့်သလဲ။
Dr.HP – စိတ်လှုပ်ရှားမှုနဲ့ဆက်နွယ်ပြီး နှလုံးလှုပ်ရှားမှုက ပြောင်းလဲသွားတယ်။ ကိုယ်လက်လှုပ်ရှားမှုပေါ်မှာလည်း ပြောင်းလဲသွားတယ်။ လူတစ်ယောက်ပြေးလိုက်ရင် နှလုံးခုန်နှုန်းတွေ တက်လာမယ်။ အောက်စီဂျင်လိုအပ်ချက်တွေများလာမယ်။ သွေးမြန်မြန်လည်ပတ်ဖို့အတွက် နှလုံးကိုခိုင်းတယ်။ နှလုံးခုန်နှုန်းတွေ မြင့်တက်လာမယ်။ လူတစ်ယောက်က စိတ်လှုပ်ရှားတယ်။ ကြောက်စိတ်တွေဖြစ်လာတယ်ဆိုရင်လဲ နှလုံးခုန်သံတွေမြန်လာမယ်။ ဆေးသောက်တာနဲ့ပတ်သက်ရင် ကြိုတင်ကာကွယ်တာရှိသလို ဖြစ်နေတာကို ကုတာလည်းရှိတယ်။ သွေးထဲမှာအဆီဓာတ်တွေများနေတယ်ဆိုရင် အဆီချပေးရတယ်။

Voice – နှလုံးရောဂါမဖြစ်သေးသူများမဖြစ်အောင် ဘယ်လိုဆင်ခြင်နေထိုင်လို့ ရနိုင်မလဲ။
Dr.HP – အလုပ်လုပ်တဲ့အခါမှာ စိတ်ဖိစီးစေတဲ့အလုပ်တွေ တောက်လျှောက်များနေရင် အလုပ်တွေကို လျှော့ရမယ်။ စိတ်ဖိစီးမှုအရမ်းများလာရင် နှလုံးရောဂါထက် သွေးတို့ရောဂါ အရင်စလာမယ်။ သွေးတိုးရောဂါသေချာမကုရင် နှလုံးသွေးကြော ကျဉ်းတာဖြစ်လာမယ်။ နှလုံးကြွက်သားကြီးတာ ဖြစ်လာမယ်။ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာမယ်။ စိတ်လှုပ်ရှားမှုနည်းအောင် နေရမယ်။

Voice – နှလုံးက စိတ်လှုပ်ရှားမှု၊ ကိုယ်လက်လှုပ်ရှားမှုပေါ်မူတည်ပြီး အပြောင်းအလဲရှိတယ်ဆိုတော့ ရောဂါရှင်တစ်ဦးအနေနဲ့ ဘယ်လိုကိုယ်လက်လှုပ်ရှား အားကစားကို ရွေးချယ်လှုပ်ရှားနိုင်ပါသလဲဆရာ။
Dr.HP – ယေဘူယျအားဖြင့် ပြောရရင် အရမ်းကြီးမားတဲ့ လှုပ်ရှားမှုမျိုးတွေ မလုပ်သင့်ပါဘူး။ မြန်မြန်ပြေးတာ လမ်းလျှောက်တာမလုပ်သင့်ဘူး။ အရှိန်နှေးနှေးလေးနဲ့ပြေးမယ်။ ဒါကလည်း နှလုံးရဲ့သွေးလှည့်အားကောင်းနေမယ်။ သွေးတိုးတာမျိုးရှိနေရင်လည်း ဆေးနဲ့သေချာထိန်းချုပ်ထားမယ်ဆိုရင် ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။ သွေးတက်နေတဲ့အချိန်ဆို ဆေးဝါးနဲ့ကုသပြီး ပုံမှန်အခြေအနေ ပြန်ရောက်တယ်ဆိုရင် လုပ်လို့ရပါတယ်။ ပြည်သူလူထုမှာ လွဲမှားနေတဲ့ အယူအဆတချို့ရှိတယ်။ လူနာက သွေးတို့လို့ ဆရာဝန်ဆီလာပြတယ်။ ဆရာဝန်က ဆေးပေးတယ်။ ပြန်ကောင်းသွားတော့ နေပြန်ကောင်းသွားလို့ထင်ပြီး ကိုယ့်သဘောနဲ့ကိုယ် သွေးပေါင်ပြန်ကောင်းပြီဆိုပြီး ဖြတ်လိုက်တယ်။ နာတာရှည်ရောဂါသည်အများစုမှာ တွေ့ရတတ်တယ်။ သတိမထားမိတော့ မဖြစ်သင့်တဲ့ နောက်ဆက်တွဲတွေ ခံစားရတယ်။ အသက်ဆုံးတဲ့အထိ ဖြစ်တတ်တယ်။

Voice – အစားအသောက်ပိုင်းကို ပြောပေးပါ။
Dr.HP – နှလုံးရောဂါသည်အတွက် အဓိကကတော့ အဆီအဆိမ့်တွေမစားပါနဲ့။ ဟင်းသီးဟင်းရွက်စားပါ။ လူတွေက အဆီအဆိမ့်ကို သိပ်နားမလည်ကြဘူး။ ဝက်သားစားမှ အဆီအဆိမ့်စားတာ မဟုတ်ပါဘူး။ တချို့အစားအစာတွေမှာ အဆီအဆိမ့်အရမ်းများတာတွေပါတယ်။ အစားအသောက်ထိန်းရုံနဲ့ မကျေနပ်ပါနဲ့။